Saturday, April 11, 2015

အတာသင်္ကြန်

မြန်မာတို့၏ ဆယ့်နှစ်လတွင် တန်ခူးလသည် ပထမ ဦးဆုံးလ ဖြစ်သည်။တန်ခူးလတွင် ရာသီပန်းများ ဖြစ်သော ကံ့ကော်ပန်း၊ သရဖီပန်း၊ ရင်ခတ်ပန်း၊ ပိတောက်ပန်းနှင့် ငုဝါပန်းများသည် ဖူးပွင့်ကြသည်။ ပိတောက်ပန်းကို သင်္ကြန်ပန်း အဖြစ် အမြတ်တနိုး တင်စားသည်။ သင်းပျံ့ မွှေးကြူလှသော ပန်းပိတောက် တို့သည် တန်ခူးလတွင် ဖူးပွင့် လာကြသည်။ ပိတောက်ပန်း ရနံ့ကို ခံစားရင်း စာဆိုရှင် များက ရတု၊ ကဗျာ၊ တေးသီချင်း များစွာ ဖွဲ့နွဲ့ ခဲ့ကြသည်။တန်ခူးလ ဟူသော ဝေါဟာရသည် အတာကူးမှ ဆင်းသက် လာခြင်း ဖြစ်ပြီး ဝေါဟာရ လီနတ္ထဒီပနီ ကျမ်းအရ မိန်ရာသီမှ မိဿရာသီသို့ သင်္ကြန် အတာ ကူးသဖြင့် တာကူးလဟု ခေါ်ဆိုကြောင်း သိရသည်။ အာသီဗြဟ္မာ မင်း၏ ဦးခေါင်းကို နတ်သမီး ခုနစ်ဦးတို့က တစ်ဦးမှ နောက်တစ်ဦးကို တာဝန် လွှဲပြောင်း ယူကြရသည်ကို အစွဲပြုပြီး တာကူး(ဝါ)အတာကူးဟု ခေါ်ခဲ့ကြောင်း သိရသည်။ တန်ခူးလသည် ပူပြင်းသော နွေဦး အချိန်ကာလနှင့် တိုက်ဆိုင်သဖြင့် ရေတွင်း ရေကန်များ ခန်းခြောက်လေ့ ရှိရာ ရှေးအခါက ''တန်ခူး ရေကုန်၊ ကဆုန်ရေခန်း''ဟူ၍ ဆိုရိုးစကား ရှိခဲ့သည်။ ထို့အပြင် တန်ခူးလတွင် သင်္ကြန် လက်ဆေးမိုး(ဝါ) သင်္ကြန်မိုး ရွာလေ့ရှိရာ  ခြောက်သွေ့နေသော မြေပြင်သည် သင်္ကြန်မိုး ပက်ဖျန်းမှုကြောင့် မြေသင်းနံ့များ  အရပ် ရှစ်မျက်နှာက ပေါ်လာသည်။ ယင်းမြေသင်းနံ့ကို ခံစားခဲ့သော ရှေးစာဆို  ရှင်အဂ္ဂသမာဓိက ဘုံခန်းပျို့တွင်-''ခါလည်လုလု၊ ရတုသစ်သစ်သရစ်ပေါ်ပေါ်၊ သာပျော်ရွှန်းရွှန်းကိန်းခန်းသင့်မော၊ ရွက်ရင့်လျော၍ရွက်လျောနုလန်၊ ရွက်သစ်ပြန်တည့်ပန်းမန်ငုံကင်း၊ သုတ်လေညင်းနှင့်မြေသင်းနံ့နံ့၊ တပျံ့ပျူးပျူးမင်းလွင်မြူးလျက်၊ တန်ခူးလည်းကုန်လကဆုန်သည် ပဇ္ဇုန်ရိုက်မည် ချုန်းချုန်းတည်း''ဟူ၍ရေးဖွဲ့ ခဲ့ပါသည်။ထို့အတူ စာဆို စလေ ဦးပုညကလည်း''ဆယ့်နှစ် လီဒွါဒရမှာ၊ ခါမိဿရာသီယင်းအစ ဦးချီသည်၊ လတွင် မည်တန်ခူး။စိတြကြယ် ပြောင်ငယ်၊ ညဥ့်သန်းခေါင် ကျခါမှမြူးနေ့နှင့်ည နာရီမှာ၊ သုံးဆယ်စီ မကြူးနှစ်လုံးညီ တစ်ပါဒ်ကူးလို့၊ နှစ်သစ်ဦး တစ်ခါ၊ပန်းကံ့ကော် ရွှေရင် ခတ်ကယ်တို့၊ ဖူးပွင့်ချပ် စီလို့သာဖြာ၊တည့်သုံးဖဝါး ရိပ်ဆာယာမှာ၊ တူမကွာ မောင်မယ်နွှဲလို့မြတ်သည့် ပွဲသင်္ကြန်တော်၊ တီးခြိမ့်ခြိမ့်ကြော်တီးကမ္ဗု ရိပ်ပျော်ငယ်၊ ခေါင်းလျှော်တော် မူမြဲထင့်လေး'' ဟူ၍ တေးထပ်ကို ရေးဖွဲ့ကာ မိဿရာသီ တန်ခူးလတွင် စိတြနက္ခတ်သည် လမင်းနှင့်ယှဉ်နေပုံ၊တန် ခူးလ အခါသမယ၌ နံနက် ၆ နာရီ၌ နေထွက်၍ ညနေ ၆ နာရီတွင် နေဝင် သောကြောင့် နေ့တာနှင့် ညတာများ ညီမျှကာ ရက်မစုံလဖြစ်နေပုံ၊ ရာသီပန်းများ ဖြစ်ကြသော ကံ့ကော်ပန်း၊ ရင်ခတ်ပန်းများ ဖူးပွင့် နေကြပုံတို့ကို ဖွဲ့နွဲ့ထားသည်။ထို့အပြင် ရတုစာဆိုရှင် တောင်ငူဘုရင် နတ်ရှင်နောင်သည် ကေတုမတီ မင်းနေပြည်တော်၌ သာယာသည့် တန်ခူးလ အချိန်အခါ သမယတွင် ချစ်သူကို လွမ်းဆွတ် ခဲ့ရခြင်းကို-''ရေဖျန်းသဘင်၊ တာသစ်ရင်ကကြွေးရှင်ဝတ်ခြွေ၊ ငှက်ပေါင်းရွှေနှင့်စုံခြေတစ်ခွင်၊ ညွန့်ညွန့်တွင်၌ရွှေစင်ချုပ်နေ၊ လှပ်လှပ်ပြေမျှမင်းနေဦးစွန်း၊ ထက်နန်းဘုံထွက်''ဟူ၍ ဖွဲ့ဆိုခဲ့ပါသည်။သင်္ကြန်ကာလသည် တာဝတိံသာ နတ်ပြည်မှ သိကြားမင်း လူ့ပြည်သို့ ဆင်း သက်လာသည်ဟု မြန်မာတို့က ယူဆခဲ့သည်။ ထို့ကြောင့် သိကြားမင်း ဆင်းသက် လာသည်ကို အတာပန်းများဖြင့် ကြိုဆိုခဲ့ပြီး ယင်းကဲ့သို့ပြီး နောက်တစ်နေ့တွင် လူ့ပြည်သို့ နတ်ပြည်မှ ကျရောက်သည်ဟု  မှတ်ခဲ့သည်။ နှစ်သစ်တွင် အကျင့်သီလ၊ စာရိတ္တပျက်ပြားသူများကို ကြပ်ကြပ်မတ်မတ် မှတ်သားသော နေ့ကို အကြတ်နေ့ အဖြစ် လည်းကောင်း၊ သိကြားမင်း နတ်ပြည်သို့ ပြန်တက်သောရက်ကို အတက်နေ့ အဖြစ် လည်းကောင်း သတ်မှတ်ခဲ့သည်။ သင်္ကြန် အကြိုနေ့မှစ၍ သင်္ကြန် အတက်နေ့ထိကို သင်္ကြန် ပွဲတော်ရက်များ သတ်မှတ် ခဲ့ကြသည်။ တစ်နည်းအားဖြင့် မြန်မာတို့၏ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းချိန်ကို သင်္ကြန်ပွဲတော် ခေါ်ဝေါ် ခဲ့ခြင်း ဖြစ်သည်။ ''သင်္ကြန်'' ၏ ဝေါဟာရမှာ ''သင်္ကြာန္တိ'' ဟူသော သက္ကတသုဒ်''သင်္ကန္တ''ဟူ သော ပါဠိပုဒ်မှ ဆင်းသက် လာခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ''သင်္ကြန်'' ဆိုသည်မှာ ပြောင်းရွှေ့ခြင်း၊ ကူးပြောင်းခြင်း အဓိပ္ပာယ် ဖြစ်သည်။ ထို့အပြင် နှစ်သစ်ကူး သင်္ကြန်ပွဲတော် ကျင်းပ ခဲ့ခြင်း၏ နောက်ခံ သမိုင်းကို ပြန်ကြည့်လျှင် မြန်မာသက္ကရာဇ် ၆၅၃ ခုနှစ် (ခရစ်သက္ကရာဇ် ၁၂၉၁ ခုနှစ်)တွင် ရေးထိုးခဲ့သော ပုဂံခေတ် စောလှဝန်း ဘုရား ကျောက်စာတွင် မိဖုန်၊ သင်္ကြန်၊ စာရိယ်၊ ညောင်ရိယ် သွန့်မပြယ် စိတ်လျှင်တည်၏''ဟူ၍  ဖော်ပြ ပါရှိခဲ့ရာ ပုဂံခေတ် ထေရဝါဒ သာသနာတော် ထွန်းကား နေစဉ်မှာပင် သင်္ကြန်ပွဲ၊ တစ်နည်းအားဖြင့် နှစ်သစ်ကူး ပွဲတော် ကျင်းပ ခဲ့ကြောင်း တွေ့ရသည်။မှန်နန်း ရာဇဝင် တော်ကြီး၌ ကပိလဝတ် ပြည်တွင် နေထိုင် ကြကုန်သော သာကီဝင်မင်း အပေါင်းတို့သည် နွေလ ရာသီသို့ ရောက်သည့် အခါ နှလုံးမွေ့လျော် အေးချမ်းဖွယ် ရေအိုင်ကြီး တစ်ခုအနီးတွင် မင်းတဲကြီး ဆောက်လုပ်ကာ ရေဖျန်း သဘင် ပွဲတော်ကြီးကို မင်း၊ မိဖုရား၊ မှူးမတ်များ ပျော်ရွှင်စွာ ဆင်နွှဲကြကြောင်း ဖော်ပြထားသည်။ ထို့အပြင် မဟာရာဇဝင် ကျမ်း၌ ပုဂံပြည် နရသီဟပတေ့ မင်းခေါ် တရုတ်ပြေးမင်း လက်ထက်တော် ကာလက နန်းတော်မှ မြစ်ဆိပ်အထိ တဲကြီးများ ဆောက်လုပ်၍ အဆိုပါ တဲကြီးများကို ဘေးပတ်ဝန်းကျင် လူအများ မမြင်ရအောင် ကာရံ၍ မင်း၊ မိဖုရား၊ မောင်းမမိဿံ များနှင့်အတူ နွေရာသီ ရေဖျန်း ပွဲတော် သဘင် ဆင်ယင် ကျင်းပကာ ပျော်ရွှင်စွာ ရေကစား ခဲ့ကြောင်း မှတ်တမ်း တင် ဖော် ပြထားသည်။ကမ္ဘာ့နိုင်ငံ အသီးသီးတွင် နှစ်သစ်ကူး ပွဲတော်များ ရှိကြရာ မြန်မာတို့၏ သင်္ကြန် နှစ်သစ်ကူး ပွဲတော်မှာ ထူးခြားလှသည်။ ဤအခါသမယ၌ မြန်မာလူမျိုး တို့သည် သက်ကြီးဝါကြီး များအား ပူဇော်သက္ကာ ပြုခြင်း၊ ရှင်ပြုရဟန်းခံ အလှူ မင်္ဂလာများ ကျင်းပခြင်းနှင့် တိရစ္ဆာန်များ ဘေးမဲ့လွှတ်ခြင်း စသော မင်္ဂလာအမှုများ ကို ပြုကြသည်။ ထို့အပြင် ကုန်လွန်တော့မည့် နှစ်ဟောင်းကာလက ကိုယ်စိတ် နှစ်ပါးတို့တွင် အညစ်အကြေးများ ရှိခဲ့ပါလျှင် ဆေးကြော သန့်စင်သော အားဖြင့် တစ်ဦးနှင့် တစ်ဦး သန့်ရှင်းကြည်လင် မွှေးပျံ့သင်းသော နံ့သာရည် များကို ငွေဖလား ထဲထည့်ကာ သပြေခက်ဖြင့် ပက်ဖျန်းကြသည်။ အထူးသဖြင့် မြန်မာတို့၏ ရိုးရာ သင်္ကြန် ရေကစား ပွဲတော်ကြီးသည် လူမျိုးမရွေး၊ ဘာသာမရွေး၊ အဆင့်အတန်း မရွေး အားလုံးချစ်ခင် ပျော်ရွှင်စွာဖြင့် နှစ်စဉ် ဆင်နွှဲခဲ့သော ပွဲတော်ကြီး ဖြစ်ရာ မြန်မာနိုင်ငံ အတွင်း စုပေါင်း နေထိုင်ကြသော ပြည်ထောင်စုဖွား တိုင်းရင်းသား များ၏ စည်းလုံး ညီညွတ်မှုကို ပြသနေသော ပွဲတော်ကြီးလည်း ဖြစ်သည်။ထို့အပြင် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော်၏ နှစ်ဆန်းတစ်ရက် နေ့သည် ''မင်္ဂလာအခါတော်နေ့'' ဖြစ်၍ ဂေါတမမြတ်စွာ ဘုရားရှင်သည် သာဝတ္ထိ ပြည်၌ အနာထပိဏ် သူဌေးကြီး ဆောက်လုပ် လှူဒါန်းတော် မူခဲ့သော ဇေတဝန် ကျောင်းတော်ကြီးတွင် သီတင်းသုံးတော် မူနေစဉ် ညဥ့်သန်းခေါင်ယံ အချိန်၌ မထင်ရှားသော နတ်သား တစ်ပါးသည် မြတ်စွာဘုရားရှင် ထံတော်မှောက် ရောက်ရှိလာသည်။ ထိုနတ်သားက များစွာသော နတ်နှင့် လူတို့မှာ စင်ကြယ်သည့် နိဗ္ဗာန်ချမ်းသာ တရားကို ရရှိရန် မင်္ဂလာတရားတော်ကို  ၁၂ နှစ် ကြာအောင် တွေးတော ကြံစည် ခဲ့သော်လည်း မသိနိုင် ခဲ့ပါကြောင်း၊ မင်္ဂလာ တရားတော်ကို ရှင်းလင်းဟောကြား ပေးတော်မူပါရန် စသည်ဖြင့် လျှောက်ထားခဲ့သည်။ ထိုအခါ မြတ်စွာ ဘုရားရှင်က အဆိုပါ မထင်ရှားသော နတ်သားတစ်ပါး၏ လျှောက်ထားမှုကို အကြောင်းပြု၍ ဟောကြားတော်မူခဲ့သော ''မင်္ဂလာ တရားတော် ၃၈ ပါး''သည် ယနေ့မျက်မှောက် ကာလတိုင်အောင် ဗုဒ္ဓ ဘာသာဝင်တိုင်း ယင်းမင်္ဂလာ တရားတော်နှင့် အညီ စောင့် ထိန်း လိုက်နာလျက် ရှိကြသည်။ထို့ကြောင့် မကြာခင် ကျရောက်တော့ မဟာသင်္ကြန် ပွဲတော်ကြီးကို မင်္ဂလာ တရားတော် ၃၈ ပါးနှင့်အညီ မြန်မာ့ဓလေ့ ထုံးတမ်း အစဉ်အလာ ရိုးရာမပျက် ဆက်လက် ထိန်းသိမ်းပြီး တစ်ဦးနှင့်တစ်ဦး ကိုယ်စိတ်နှစ်ပါး ရွှင်လန်း ချမ်းမြေ့စွာဖြင့် ရေသဘင်ပွဲကို ယဉ်ကျေး သိမ်မွေ့စွာ ပါဝင် ဆင်နွှဲကြပါစို့ဟု တိုက်တွန်း ရေးသား တင်ပြ အပ်ပါသည်။     ။
::Credit to မြဝတီ

No comments:

Post a Comment